လမ်းပျောက်နေရင် အိမ်ကိုပြန်ရတယ် တဲ့
ခေါင်းခါပြီး ငြင်းဆန်တယ်
ခပ်ဝေးဝေးကို ထွက်သွားဖို့ ကြိုးစားတယ်
နောက်ဆုံးတော့ ဒဏ်ရာတွေဟာ
ကိုယ်နဲ့ နီးရာရပ်ဝန်းတွေကပဲ လာခဲ့တာ
ဘယ်တော့မဆို
နာကျင်ရတဲ့ဘက်က နေပေးပါတယ်
ဒီဇာတ်သိမ်းဟာ
ကိုယ်နဲ့မှ အံဝင်ခွင်ကျလိုမျိုး
တစ်ဘက်လူကို သဲနဲ့ပက်ချင်တဲ့
အငုံ့စိတ်လေး ပေါ်လာတိုင်းတော့
ကိုယ့်ဘာသာပဲ မခံချိမခံသာ ပြုံးဖြစ်ပါတယ်။
ရယ်မောနိုင်ဖို့တော့ အချိန်ယူရဦးမယ်။
#crd
if….. “
တကယ်ဆို.. ငါမမှားဘူး…
နင်လည်း မမှားဘူး…
ကံကြမ္မာကိုက အထားအသို လွဲခဲ့ကြတာ..
ခွင့်မလွှတ်လိုက်ကြပါနဲ့..
ငါကလည်း မတောင်းပန်နိုင်ခဲ့ပါဘူး…
ဓါးတစ်လက်ရဲ့ ထက်မြက်မှုကို
ထိုးစိုက်နာကျင်ခြင်းနဲ့ပဲ သက်သေပြခဲ့ပါရစေ…
ရမယ်ဆိုရင်..
ကိုယ့်ကိုယ်ကို တိမ် လုပ်
လေတစ်ဆုတ်နဲ့တင်
ဖွာ..လန်..ကြဲ
ဖောက်ခွဲပစ်လိုက်ချင်..
အကယ်၍………
ငါသည်သာ ပန်းဖြစ်၍
နောက်တစ်ကြိမ် ပြန်ပွင့်ခွင့်ရခဲ့သော်…………….. ။ ။
#crd
တစ်ဘဝစာ နှုတ်ဆက်ရတဲ့အခါ
ကိုယ့်ဘက်ကတော့ တတ်နိုင်သမျှအကုန်ပေးခဲ့တာပဲ
အပြင်ကလူတွေဟာ
တံခါးပေါက်ကို လာခေါက်တဲ့အခါတိုင်း
ဒဏ်ရာတစ်ခုခု ယူလာတယ်
အမှိုက်တွေလိုချပြီး ပြန်သွားကြတဲ့အခါ
ကိုယ့်မှာ ဧည့်ဝတ်ကျေစွာ ပြုံးရ လက်ခံရ
နာကျင်ရ သိမ်းဆည်းရ
အနတ္တတွေမှန်း ကိုယ်သိပါတယ်
ဒါပေမယ့်လည်း
ကမ်းမမြင်လမ်းမမြင်
ချစ်ခြင်းမေတ္တာကိုတော့ မြင်ခဲ့တယ်
ဓူဝံကြယ်လို
မြောက်အရပ်လို
မီးပြတိုက်လို
အဲဒီလို ဦးတည်
ကိုယ် ခုတ်မောင်းခဲ့ပါတယ်
ရောက်ရှိတယ် မရောက်ရှိတာကတော့ ကံကိုပဲပုံချပြီး
ကိုယ်ပေးနိုင်သမျှဟာ ကိုယ့်ဘက်က ချစ်ခြင်းမေတ္တာပါပဲ။
crd